မိတ္ထီလာမြို့ ရတနာမာရ်အောင်ဘုရားရင်ပြင်တော်တွင် (၁၂)ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိတ္ထီလာ အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ရတနာမာရ်အောင်ဘုရားရင်ပြင်တော်တွင် (၁၂)ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ရတနမာရ်အောင်ဘုရားရင်ပြင်တော်မှာ ကျင်းပခဲ့တာ ဒီနှစ်ဆို ၁၂ ကြိမ်မြောက်ဖြစ်ပြီပေါ့။ နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။ မုန့်တီသုပ်၊ မုန့်ဟင်းခါး၊ မုန့်ဖတ်ထုပ်၊ ရွှေရင်အေး၊ ရေခဲမုန့်နဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံများ ခင်းကျင်းရောင်းချသွားမှာဖြစ်ပါတယ်။ နှစ်တိုင်းတော့ နိဗ္ဗာန်ဈေးလာရောက်ရောင်းချသူ ၂၅ ဦးခန့် ရှိပါတယ်ဟု အဆိုပါနိဗ္ဗာန်ဈေးရောင်းပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမောင်မောင်က ပြောသည်။

အဆိုပါ နိဗ္ဗာန်ဈေးရောင်းပွဲတော်တွင်ရောင်းချသည့် မြန်မာ့ရိုးရာအစားအစာမုန့်များနှင့် မုန့်ပွဲများကို ယခင်နှစ်များက တစ်ပွဲ ၁ဝဝကျပ်၊ ၂ဝဝ ကျပ်ဖြင့်ရောင်းခဲ့ပြီး ယခုနှစ်တွင် ၅ဝဝကျပ်မှ ၁ဝဝဝကျပ်အထိ ဈေးနှုန်းတိုးမြှင့်ရောင်းချမည်ဖြစ်သည်။ နိဗ္ဗာန်ဈေးပွဲတော်တွင် လာရောက်ဖွင့်လှစ်ရောင်းချသူများသည့် ဈေးရောင်းချရသည့်ရောင်းချငွေများကို ရတနာမာရ်အောင်ဘုရားကြီး၏ နဝကမ္မအလှူတော်ငွေအဖြစ် ပြန်လည်လှူဒါန်းကြကြောင်း သိရသည်။

ချမ်းသာ