ကျောက်ဆည် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (၃)ထပ်ဆောင်ခန်းမတွင် အောက်တိုဘာ(၁၅)ရက် နံနက်(၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ်ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်သား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်အသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌဦးမျိုးမြင့်က အသင်းကြီးရည်ရွယ်ချက်များ၊ ကူညီထောက်ပံ့နေမှုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဆုချီးမြှင့်ပွဲနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်အသင်း(ရန်ကုန်)မှဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ကျောက်ဆည်မြို့ ရွှေသာလျောင်း ဘုရားကြီးအတွက် အလှူငွေ(၁၀)ကျပ်၊ ရွှေစေတီဘိုးဘွားရိပ်သာအတွက် အလှူငွေ(၁၀)ကျပ်နှင့် ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်ပွဲတော်အတွက် အလှူငေ(၁၀)ကျပ် အသီးသီးအား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း၌ (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ(၇)ဦး၊ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၆)ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၁၂)ဦး၊ (၂)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၂၂)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၇၅)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၁၃၁)ဦးအား ငွေကျပ်(၅၂)သိန်း၊ ခြောက်သောင်းကျပ်အား လက်ဝယ်အရောက် ချီးမြှင့်ပေးအပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မဆွေမွန်ကျော်ထိုက်နှင့် ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်အသင်း(ရန်ကုန်)မှ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ ရေဘေးသင့်ပြည်သူများအတွက် (၁)မြို့နယ်လျှင် ထောက်ပံ့ငွေ(၅၅)သိန်းကျပ်စီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်