ဟိုပုံး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံများပြန်လည်ကုစားနိုင်ရန် နည်းပညာပေးဆွေးနွေးခြင်းနှင့် ရေကြီးနစ်မြုပ်ခဲ့သည့် သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရန် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ နည်းပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
အဆိုပါနည်းပညာပေးဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်သီးနှံ ကာကွယ်ရေးတာဝန်ခံနှင့် မျိုးစေ့တာဝန်ခံများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံစိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ခင်းများပြန်လည်ကုစားရန်အတွက် လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များ၊ ပြန်လည်စိုက်ပျိုးမည့်သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများကို ပြုပြင်ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖြုတ်ညိုပိုး၊ ငမြှောင်တောင်ပိုး၊ ဘက်တီးရီယားရောဂါများကြိုတင်ကာကွယ်နှိမ်နှင်းနည်းပညာများကိုဆွေးနွေးခဲ့ရာ ရေဘေးသင့်တောင်သူ ၂၇ ဦးတက်ရောက်၍ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်သီးနှံ ကာကွယ်ရေးတာဝန်ခံက ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့ ဧက(၂၀)စာ အတွက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် သီးနှံစိုက်ဧက ငါးထောင်ကျော်ရေကြီး နစ်မြုပ်ခဲ့ရာ စိုက်ပျိုးသီးနှံ ၂၉၄၂ ဧက ပျက်စီးဆုံးရှုံးခဲပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေကြီးနစ်မြုပ်မှု ဒဏ်ခံစားခဲ့ကြရသည့် သီးနှံစိုက်ခင်းများ ပြန်လည်ကုစားနိုင်စေရန်အတွက် နည်းပညာပေးဆွေးနွေးပွဲများကို ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော ကျေးရွာများတွင်လည်း နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)