ကျောက်ပန်းတောင်းမြို့နယ် အင်တောကျေးရွာတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့်တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

ကျောက်ပန်းတောင်း အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး အစီအစဉ်အဖြစ် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အင်တောကျေးရွာအုပ်စု၊ အင်တောကျေးရွာကွင်းရှိ ကွင်းအမှတ်(၂၁၀၄)၊ တောင်သူ ဦးရဲမြင့်၏ ယာမြေ(၃.၀၀) ဧကပေါ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲတွင်၊ ရှေ့ဦးစွာ တောင်သူ ဦးရဲမြင့်၏ ယာမြေ (၃,၀၀)ဧက ပေါ်တွင် ပိုင်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ကြဲပက်စိုက်ပျိုးခြင်းကို သရုပ်ပြသကြသည်။ ယင်းနောက် ပညာပေးဆွေးနွေးပွဲကို ယာယီမဏ္ဍပ်တွင် ပြုလုပ်ရာ၊  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ပျိုးစေခြင်း၏ အဓိကရည်ရွယ်ချက်များမှာ တောင်သူများ ဓာတ်မြေဩဇာကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဆွေးများ ဆုံရှုံးခြင်း၊ မြေချဉ်၊ ငံနှုန်းများ ပြောင်းလဲလာခြင်း၊ အကျိုးပြုအဏုဇီဝများ လျော့နည်းသွားခြင်းတို့ကြောင့် သီးနှံအထွက်နှုန်း လျော့ကျလာခြင်းကို အလွယ်ကူဆုံးနှင့် အသက်သာဆုံး ဖြေရှင်းပေးနိုင်စေရန် ဖြစ်ပါကြောင်းနှင့် ပိုက်ဆံလျှော်ဟုခေါ်သည့် သစ်စိမ်းမြေဩဇာကို မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် တောင်သူများက ပြန်လည်မေးမြန်းသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုး  ညှိနှိုင်းရေးအဖွဲ့ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ၊ အဆိုပါ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ပျိူးခြင်း သရုပ်ပွဲနှင့် ပညာပေးဆွေးနွေးပွဲတွင် တောင်သူများအား ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို အသိပညာပေး၍ တောင်သူများ ကိုယ်တိုင်ပါဝင်ကြဲပက် သရုပ်ပြသစေ၍ စိတ်ပါဝင်စားစွာ စိုက်ပျိုးလိုသည့် တောင်သူများကိုလည်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဧက ၄၀ စာ အခမဲ့ ဖြန့်ဝေပေးရန် စီစဉ်ထားကြောင်းသိရပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် အင်တောကျေးရွာမှ တောင်သူများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)