ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ဖြင့် Mask Campaign ဆောင်ရွက်

တံတား  နို၀င်ဘာ  ၂၄


ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းအဖြစ်  ပါးစပ်နှင့် နှာခေါင်း စည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို ယနေ့ နံနက် ၇ နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တံတားမြို့ အောင်သီရိဈေး၊ ယာယီပျံကျဈေးများတွင် ဈေး၀ယ် ပြည်သူများနှင့် ဈေးရောင်းချနေသည့် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းများဆောင်ရွက်ခဲ့ပြီး Mask များ ဖြန့်ဝေပေးခြင်းနှင့် တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ကာ နှာခေါင်းစည်း Mask (၁၀၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်၊ စည်ပင်သာယာရေးအဖွဲ့၊ တံတားနယ်မြေရဲတပ်ဖွဲ့၊ တံတားနယ်မြေ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး Mask Campaign ဆောင်ရွက်ခြင်းအား အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)