မြစ်သားမြို့နယ်တွင် အိမ်ထောင်စု (၄၆၉၃၇)စု သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူပြီးစီး

မြစ်သား  အောက်တိုဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ (၁၄) ရက်နေ့အထိ ကောက်ယူ ပြီးစီးမှု အိမ်ထောင်စုပေါင်း (၄၆၉၃၇)စုအား အောင်မြင်စွာကောက်ယူပြီးစီးဖြစ်ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ​​​ခြင်းကို ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၈၁)အုပ်စုရှိပြီး စာရင်းကောက်ကွက်ပေါင်း (၅၈) ကွက် သန်းခေါင် စာရင်းကောက်ယူရေးအဖွဲ့(၄၇)ဖွဲ့မှ  စာရင်းစစ်၊ စာရင်းကောက်(၂၂၄)ဦးတို့ဖြင့် သန်းခေါင်စာရင်းအချက်အလက်များကောက်ယူလျက်ရှိရာ ယမန်နေ့အထိ အိမ်ထောင်စု (၄၆၉၃၇)စုနှင့် လူဦးရေ (၁၆၉၃၁၇)ဦးတို့အား ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါလူဦးရေနှင့်အိမ်အကြောင်း    အရာသန်းခေါင်းစာရင်းကောက်ယူနေမှုကို မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်ကော်မတီဝင်များက ကြည့်ရှု  အားပေးခဲ့သည်။ ထို့နောက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အခြေခံပညာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ပူးပေါင်း၍လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)