မိတ္ထီလာမြို့နယ် ရိုးကန်ကျေးရွာရှိ   စိုက်ဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ကြဲပတ်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ  အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ကြဲပတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်သာကျေးရွာအုပ်စု ရိုးကန်ကျေးရွာ ကွင်းအမှတ် ၆၁၃၊ ဦးပိုင်အမှတ် ၁၁၇/၁ ရှိ ဦးကျောင်မြင့်၏ စိုက်ဧက ၁၀ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ကြဲပတ်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် စိုက်ပျိုးအသုံးပြုခြင်းဖြင့် ပေါင်းပေါက်ရောက်မှု ယခင်ထက် နည်းပါးခြင်း၊ မြေများမွရွလာပြီး ထယ်/ထွန်ရေးလုပ်ရာတွင် လွယ်ကူလာခြင်း၊ ထယ်ထိုးရာတွင် လွယ်ကူသဖြင့် အချိန်နှင့် ကုန်ကျ စရိတ်များသက်သာခြင်း၊ လုံးဝစိုက်ပျိုးမရသော မြေများတွင် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလာခြင်း၊ သီနှံအထွက်နှုန်းများ တိုးလာခြင်း၊ မြေဆီလွှာသည် အစိုဓာတ်ပိုမိုထိန်းသိမ်းနိုင်သဖြင့် မိုးခေါင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိခြင်းနှင့် သစ်စိမ်းမြေသြဇာမသုံးသော စိုက်ခင်းများထက် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းပြီး ပိုမိုရရှိခြင်း၊ နွားချေးအစားထိုးမြေသြဇာအဖြစ် သုံးနိုင်ခြင်း၊ စျေးနှုန်းမြင့်မာသော ဓာတ်မြေသြဇာများ လျှော့ချသုံးစွဲ၍ သစ်စိမ်းမြေသြဇာကို အသုံးပြုလာခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) အသုံးပြုသဖြင့် သီးနှံအစေ့အဆံများ ပြည့်ပြီး အလေးချိန်စီး (တိုး)သဖြင့် တင်းအရေအတွက် ပိုလာသောကြောင့် ဝင်ငွေပိုမိုရရှိခြင်းနှင့် အခြားပဲမျိုးရင်းဝင် အပင်များကို သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်သော်လည်း ဆွေးမြေ့ချိန်သည် ပိုက်ဆံလျှော် အသုံးပြုမှုနှင့်နှိုင်းယှဉ်ပါက ပိုမိုကြာမြင့်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်စိုက်ပျိုးရေးဦးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဒေသခံတောင်သူများအား ရွက်ဖျန်းအားဆေးပုလင်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဇော်မင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်အကြီးအကဲများ၊ ဒေသခံတောင်သူများက စိုက်ဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိူးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)