ပြင်ဦးလွင် အောက်တိုဘာ ၁၅
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် စာရေးဆရာ ကိုရွှေအောင်သင်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ပိန္နဲကုန်းကျေးရွာအုပ်စု၊ အင်ကြီးကျေးရွာရှိ သုတစာကြည့်တိုက်သို့ သွားရောက်ကွင်းဆင်းကာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်မည့်အစီအမံများ၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချပြရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာ စာကြည့်တိုက်များမှ ပြန်လည်ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)