ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူလျက်ရှိသည့် မဲကင်းကုန်းကျေးရွာအုပ်စု၊ ဇီးချိုကုန်းကျေးရွာအုပ်စုနှင့် ရှင်တော်ကုန်းကျေးရွာအုပ်စုရှိ မင်္ဂလာရန်ကင်း ပြည်သူအငှားအိမ်ရာသို့ ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စာရင်းစစ်/ စာရင်းကောက်များ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် မြို့ပေါ်ရပ်ကွက်ကြီးတစ်ခု ကျေးရွာအုပ်စု (၅၇)စု၊ ကျေးရွာ (၁၃၇) ရွာအား စာရင်းကောက်အဖွဲ့ ၄၅ ဖွဲ့ဖြင့် စာရင်းကောက်ကွက်ပေါင်း ၅၅၉ ကွက်ကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်း ကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်း ကော်မတီထံမှ သိရသည်။

ကျေးရွာများသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရန် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ ဦးဆောင်၍ ခရိုင်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကျေးရွာများရှိ ပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)