မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မှိုစိုက်ပျိုးတောင်သူများ တွေ့ဆုံဆွေးနွေး

တွံတေး နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ မှိုစိုက်တောင်သူများ ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ မှိုစိုက်တောင်သူများနှင့် ​ယ​မန်နေ့ နေ့လယ် ၁နာရီ အချိန်၌ တွံတေးမြို့နယ် မှိုစိုက်ပျိုးထုတ်လုပ်နိုင်​ရေး ဖွံဖြိုးတိုးတက်နိုင်​စေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ လမ်းညွှန်မှုအရ ​ဒေသခံမှိုစိုက်ပျိုးထုတ်လုပ်​နေကြ​သော​ တောင်သူများနှင့်​တွေ့ဆုံ ဆွေး​နွေးပွဲသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်း​အောင်၊ စားသုံးသူ​ရေးရာ ဦးစီးဌာန​တောင်ပိုင်းခရိုင်မှူးနှင့် ပညာရှင်များ တက်​​ရောက်ဆွေး​နွေးခဲ့ကြ ပါသည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း​အောင်မှ မှိုစိုက်ပျိုးရာတွင် နည်းပညာ၊ မျိုး​ကောင်းမျိုးသန့်ရရှိ​ရေး ပညာ​ပေးသင်တန်းများ ​စျေးကွက်ရရှိ​ရေး၊ ကုန်ကြမ်းရရှိ​ရေးနှင့် ကုန်စည်စီးဆင်မှု မြန်ဆန်လွယ်ကူ​စေရန်၊ သွင်းအားစု​ချေးငွေ အစုအဖွဲ့အသင်းစုစည်း၍ နှစ်တိုနှစ်လတ်ရရှိ​စေ​ရေး ကူညီ​ဆောင်ရွက်ပေးမည်ဖြစ်​ကြောင်း ရှင်လင်း​ဆွေး​နွေး​ ပြောကြားခဲ့ပါသည်။

စားသုံးသူ​ရေးရာ ​တောင်ပိုင်ခရိုင်မှူးမှလည်း တောင်သူများ တင်ပြ​ဆွေး​နွေး​ပေးသော အခက်အခဲများနှင့် လိုအပ်ချက်များအား ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ​ပေးသွားခြင်းနှင့် လိုအပ်သည်များ အကြံပြု​ဆွေးနွေးခဲ့ပါသည်။ တာဝန်ရှိသူများကလည်း အစုအဖွဲ့နှင့် ဝိုင်းကြီးချုပ်စနစ်ပြုလုပ်ခြင်းဖြင့်​ ချေး​ငွေ တင်ပြ​လျှောက်ထားစေလို​ကြောင်း​ ပြောကြား​ဆွေး​နွေးကြသည်။

ထို့နောက်​ဒေသခံမှိုစိုက်​တောင်သူများ၏ တင်ပြချက်များကို ဆက်လက်ဆွေး​နွေးခဲ့ကြပြီး တွံ​တေး အခြေပြု Mapco မန်​နေဂျာဦးညီညီလွင်မှ အမှန်တကယ် မှိုစိုက်ပျိုး ထုတ်လုပ်ကြ​သော ​ကျေးရွာ​များနှင့် မှိုမျိုး​စေ့စိုက်ပျိုးထုတ်လုပ်​ရောင်းချကြ​သော အဝယ်ဒိုင်၄ခုအား​ ချေး​ငွေတင်ပြ​လျှောက်ထားရာတွင် လိုအပ်​သော အဆိုပြုလွှာ ခိုင်မာ​သော အစုအဖွဲ့များ စနစ်တကျဖွဲ့စည်း၍ ရွာအလိုက် ပြန်လည်တင်ပြ​ပေးကြပါရန်​ ပြောကြားခဲ့သည်။

တွံတေးမြို့နယ်တွင် မိုးစပါးကိုသာ အားထားစိုက်ပျိူးကြပြီး စပါးရိတ်သိမ်းပြီးကြချိန်တွင် နွေစပါးအစား မှိုစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင် အပိုဝင်​ငွေရရှိ​အောင် အများအားဖြင့် စိုက်ပျိုးလျက်ရှိကြ​ကြောင်း သိရသည်။ တွံ​တေးမြို့နယ်တွင်လည်း​ နွေစပါးမစိုက်ပျိုးနိုင်​သော ဒေသများ ဖြစ်သည့် ၂၁မိုင်၊ တွံ​တေးဝ၊ ၁၃မိုင်တာကုန်း​ကျေးရွာအချို့တွင်လည်း တစ်ပိုင်တစ်နိုင်မှိုစိုက်ပျိုး ထုတ်လုပ်ကြခြင်း လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်​ ဆောင်ရွက်လျက်ရှိကြကြောင်းလည်း သိရသည်။​

ယင်း​နောက် ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများမှ မှိုစိုက်ပျိုးထုတ်လုပ်ရာ ​နေရာများသို့ ကွင်းဆင်း လေ့လာ အကြံပြုစကား​ ပြောကြားခဲ့ကြ​ကြောင်း သိရှိရသည်။ အဝယ်ဒိုင်နှင့် နည်းပညာ​ပေးမျိုး​စေ့ ထုတ်လုပ်​ရောင်ချဖြန့်ဖြူးခြင်းကို နတ်စင်ကုန်း​ကျေးရွာတွင် အများဆုံးပြုလုပ်လျက်ရှိ​ကြောင်းလည်း သိရသည်။ အဓိကအားဖြင့် မှိုစိုက်ပျိုးထုတ်လုပ်ကြရာတွင် ကုန်ကြမ်းရှားပါးခြင်း၊​စျေးကွက် မတွင်ကျယ်ခြင်း၊ နည်းပညာနှင့် မှိုမျိုး​ကောင်းမျိုးသန့် လိုအပ်ချက်များလည်း ရှိ​ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)