မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့်စန္ဒာမုနိဘုရား (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

မန္တလေး   အောက်တိုဘာ   ၁၅

မန္တလေး ရတနာပုံ မြို့တည်နန်းတည်၊ ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့၏ (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂ လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ အဆိုပါကုသိုလ်တော်ဘုရားမုခ်ဦးရှေ့တွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ လူမှု‌ရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကုသိုလ်‌တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးတင်သန်းနှင့် အဖွဲ့ဝင်များ မန္တလေးတောင်ဂေါပကအဖွဲ့၊ ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီး၊ လူမှု‌ရေးရာဝန်ကြီး၊ ဥပဒေချုပ်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က  (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားအား ဖူးမြော်ကြည်ညိုကြကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြကာ စေတီတော်အား လှည့်လည်ဖူးမြော်ကြကြောင်း သတင်းရရှိသည်။

အဆိုပါကုသိုလ်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သတင်းကျွတ်လဆန်း (၈) ရက်နေ့မှ လပြည့်ကျော် (၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး သံဃာ့ဒါန ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို လပြည်ကျော်နှစ်ရက် (အောက်တိုဘာလ ၁၉ ရက်နေ့) နံနက်အရုဏ်တက်တွင် ကုသိုလ်တော်ဘုရားရင်ပြင်တော်၌ သံဃာတော်အပါး (၂၇၀၀) တို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများကို နှစ်စဉ်မပြတ် လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စံ(ပြန်/ဆက်)