မိတ္ထီလာ အောက်တိုဘာလ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက်က လိန်တောကျေးရွာတွင် ကျင်းပခဲ့ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုစေရန် မိသားစုတစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်၊ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်အတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းငယ်များ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရရှိကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းကို လိန်တောကျေးရွာတွင် သင်တန်းသား၊ သင်တန်းသူ(၂၀) ဦးဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ အဝတ်လျှော် ဆပ်ပြာဆီ၊ ရေချိုဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ တရော်ကင်းမွန်းခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခရမ်နှင့် Hand Gel စသည့် ဘာသာရပ်များကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းနည်းပြဆရာမ ဒေါ်သွယ်သွယ်ထွန်း၊ ဒေါ်စုဝေဖြိုးနှင့် တာဝန်ရှိသူတို့က သင်တန်းသင်တန်းဆင်းလက်မှတ်များနှင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)