ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ အောက်တိုဘာ ၁၄

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိ စေရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့် အားကစားနည်း (၁၇) နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကိုလည်း စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း၊ အားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးအတွက် လေ့ကျင့်ရေးကာလကို (၂) လ သတ်မှတ်ကာ စုစည်းလေ့ကျင့်လျက်ရှိပြီး အားကစားသမားများ စည်းကမ်းရှိစေရေး၊ စနစ်တကျလေ့ကျင့်ရေး၊ နေထိုင်စားသောက်ရေးကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီတွင်ပါဝင်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။

ထို့နောက် အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဦးစီးကော်မတီတွဲဖက် အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းမောင်က ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီအဖွဲ့ဝင်များက အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိ စေရေးအတွက် ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကဏ္ဍများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)