ပျော်ဘွယ် အောက်တိုဘာ ၁၄
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက စပါယ်ကုန်းအုပ်စု၊ ပဲ့ကန်ကွင်းနှင့် ရန်အောင်အုပ်စု၊ ပင်းစုကွင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးညိမ်းဇော်က ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများ အစားထိုးစိုက်ပျိုးနိုင်ရေး၊ ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ်စေရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးဦးစီးဌာနမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရေနစ်မြုပ်ခဲ့သည့် စပါးစိုက်ဧက (၁၅၀)အတွက် သွင်းအားစုများဖြစ်သည့် ယူရီးယားဓာတ်မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများကို တောင်သူများ ထံထောက်ပံ့ပေးအပ်ပြီး စပါးစိုက်တောင်သူများက စိုက်ခင်းအတွင်း သွင်းအားစုများထည့်သွင်း၍ ပြန်လည်ကုစားခြင်းကို ကွင်းသရုပ်ပြခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)