ကျိုင်းတောင်းမြို့၌ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး ဆောင်ရွက်

ကျိုင်းတောင်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်  ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့နံနက် (၉:၃၀)အချိန်ခန့် က ကျိုင်းတောင်းမြို့အတွင်းရှိ လမ်းဆုံနေရာများ၊  ကားလမ်းမများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ် မော်တော်ဆိုင်ကယ် စီးနှင်းသူနှင့် လိုက်ပါသူများ နှာခေါင်းစည်း(Mask) မတပ်ဆင်လာပါက ဒဏ်ငွေ ၂၀၀ ကျပ်ပေးဆောင်စေ၍ နှာခေါင်းစည်း(Mask) တစ်ခုဖြင့် လဲလှယ်ပေးခြင်း၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ တို့ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)