တာချီလိတ်မြို့၌ ရေကြီးရေလျှံဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်

တာချီလိတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သြဂုတ်လနှင် စက်တင်ဘာလအတွင်း မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့သာယာလှပရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို လမ်းညွှန်မှုဖြင့် နေ့စဥ် နေ့မအားညမနား အလှည့်ကျတာဝန်များခွဲ၍ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်မြို့သည် ထိုင်း၊ လာအို၊ မြန်မာ ၃ နိုင်ငံ နယ်နိမိတ်နယ်စပ်ဒေသဖြစ်သည့်အပြင် မြို့နေလူဦးရေထူထပ်ပြီး ယာဥ်သွားယာဥ်လာများပြားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ အများပြည်သူသွားလာမှု၊ ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စေရန် မြို့တွင်းရှိ အဓိကမိန်းလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးတလျှောက်နှင့် ရေကြီးရေလျှံမှုဒဏ်အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည့် ရပ်ကွက်များ၊ အခြေခံပညာစာသင်ကျောင်းများ၊ စျေးများအား ဦးစားပေးအစီအစဥ်အလိုက် တင်ကျန်ရစ်သောရွှံ့ညွှန်များ၊ နုန်းမြေများနှင့်ရေမြောင်းများ ပိတ်ဆို့နေမှုများ ရှင်းလင်းဖယ်ရှားခြင်း၊ မီးသတ်ပိုက်များဖြင့် ရေဆေးချခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့်နေရာများအား မြို့အင်္ဂါရပ်နှင့်အညီ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား နေ့တာဝန်၊ ညတာဝန်များခွဲ၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်၊ ဆည်မြောင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတများ၊ ရပ်ကွက်နေပြည်သူများ၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ပြည်သူ့စစ်စသည်တို့အပါအဝင် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် နေ့ဘက်များတွင်သာမက အသွားအလာနည်းသည့် ညဘက်အချိန်များတွင်ပါ လုပ်ငန်းပိုမို တွင်ကျယ်ထိရောက်စေရန် အလှည့်ကျတာဝန်ယူ၍ နေ့မအားညမနား တက်ညီလက်ညီ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးလတ်