မောက်မယ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အခြေစိုက် UNICEF (တောင်ကြီး) အဖွဲ့မှ ဒေါ်ခင်မာဝင်း ဦးဆောင်သောအဖွဲ့သည် မြို့နယ်အတွင်းရှိရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက စျေးတန်းရပ်ကွက်ရှိ ပရိယတ္တိပါဒကစာသင်တိုက်၊ ဆွမ်းစားကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ရှမ်းပြည်နယ်အခြေစိုက် UNICEF (တောင်ကြီး) အဖွဲ့မှ ဒေါ်ခင်မာဝင်းနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရေဘေးအန္တရာယ်ကြုံတွေ့ခဲ့သော ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄) အုပ်စုမှ ရေဘေးသင့်အိမ်ထောင်စု (၈၂၁) စု၊ လူဦးရေ (၃၆၂၃) ဦးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း (Hygiene kit) (၈၂၁) ဖာ၊ ပလပ်စတစ်ပုံး (၈၂၁) ပုံး၊ လူသုံးကုန်ပစ္စည်း (၅၂၈) ထုပ် (၃) မျိုးတို့အား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း၊ ရေနစ်မြုပ်ခဲ့သည့် စာသင်ကျောင်း(၆)ကျောင်း အတွက် ကျောပိုးအိတ် (၃၅၉) အိတ်၊ School Kit (၅) စုံ၊ Recreation Kit (၅) စုံတို့အား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့လည်းကောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ရေသန့်ဆေးပြား (၃) ဖာ၊ ကလေးအာဟာရခွက် (၅၄) ခွက်၊ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်သုံးပစ္စည်း (၃၉) ထုတ်အား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့လည်းကောင်း၊ UNFPA အဖွဲ့မှ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်ကိုယ်ရေသုံးပစ္စည်း (၂၅၅) ထုတ်အား ထောက်ပံ့ပေးခဲ့ကြောင်းနှင့် အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ရေဘေးသင့်ဒေသခံပြည်သူများကို အကူအညီထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)