ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေး နေ့အလိုက်ထုတ်ပေး

ကျောက်တန်း  နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များနှင့် အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ကျေးရွာများအား နေ့အလိုက် သတ်မှတ်ပေးထားခြင်း၊  ပင်စင်စားဝန်ထမ်းများ သက်တောင့်သက်သာ အနားယူနေနိုင်ရန်  အမိုးအကာများ ထားရှိပေးထားခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာအဝေးတွင် ထိုင်ခုံများ ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးရန် ဆပ်ပြာနှင့် လက်ဆေးဘေစင် ထားရှိဆောင်ရွက်ထားခြင်း စသည်တို့ကို မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ လူစုလူဝေးမဖြစ်ဖို့ နေ့အလိုက်တွေ သတ်မှတ်ပေးထားပါတယ် ၊ ဒါပေမဲ့လည်း တစ်ချို့က ရက်တွေမှားပြီး လာကြတာတွေရှိတာပေါ့၊ အဲလိုရက်မှာလာတော့လည်း အဆင်ပြေအောင် ဆောင်ရွက် ပေးပြီး ထုတ်ပေးလိုက်ပါတယ်၊ စထုတ်ပေးတဲ့ရက်မှာတော့ လူဦးရေ  ခြောက်ရာနဲ့ ခုနစ်ရာကြား ရှိပါတယ်၊ နောက်ရက်တွေမှာတော့ တဖြေးဖြေး လျော့သွားပါတယ်  နှစ်ရာကျော် သုံးရာ ဝန်းကျင်လောက်ပဲ ရှိပါတယ်၊ ကျွန်တော်တို့ကတော့ လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးနဲ့ နှာခေါင်းစည်တွေ ထားပေးထားပါတယ်၊ လိုအပ်တဲ့ သူတွေသုံးစွဲလို့ရအောင် ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်”လို့ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာက ပြောကြားသည်။ 

ခင်ဆွေဝင်း (ကျောက်တန်း)