မောက်မယ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

မောက်မယ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းများပရဟိတအသင်းနှင့် ဦးစိုင်းအွတ်မိသားစုတို့မှ မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်သီရိမင်္ဂလာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး  ဦးစိုင်းအွတ်က မြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့နေသော ဒေသခံပြည်သူများအား အကူအညီရိက္ခာများ အမြန်ဆုံးပို့ဆောင်နိုင်ရေး၊ မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဟင်းချို၊ ခေါက်ဆွဲ၊ ကြာဆံ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ငါးသေတ္တာ၊ ဆပ်ပြာမှုန့်၊ ဖယောင်းတိုင်စသည့်ထောက်ပံ့ပစ္စည်းများအား ရှမ်းများပရဟိတအသင်း ရန်ပုံငွေနှင့်အစီအမံများကိုလည်း ဆောင်ရွက်ပေးထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ဦးစိုင်းအွတ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ရပ်ကွက်ချင်းစီအလိုက် အိမ်ထောင်စု(၁၅၅)စုအတွက် တစ်စုလျှင်တစ် ထုပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)