ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့တွင် ဆီမီးလှည့်လည်ပူဇော်ပွဲ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၁၄

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့တွင် ဆီမီးလှည့်လည်ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတွင်သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ်အဖြစ်အဘိဓမ္မာအခါတော်နေ့အခမ်းအနားများနှင့် မီးစေတီ (၅) ဆူလှည့်လည်ခြင်းနှင့် ဆီမီး (၁၀,၀၀၀) ပူဇော်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“သီတင်းကျွတ် လပြည့်အကြိုနေ့ဖြစ်တဲ့ (၁၆) ရက် ညနေမှာ မီးထွန်းပူဇော်ဖို့ရှိပါကြောင်း၊ ညနေ (၅) နာရီမှာ ကျွန်တော်တို့ပြုလုပ်ထားတဲ့ မီးစေတီကို မီးထွန်းပြီးဘုရားကို တစ်ပတ်ပတ်လှည့်လည်မည်ဖြစ်ပြီး လပြည့်နေ့အဘိဓမ္မာအခါတော်နေ့ နံနက်တွင် အရုဏ်ဆွမ်းတော်ကြီးတင်လှူခြင်းပြုလုပ်မည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘုရားဖူးပြည်သူများအနေဖြင့် သီတင်းကျွတ် အခါသမယတွင် မီးပူဇော်ခြင်းကို ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင်လည်း ပုံမှန်ဘုရားဖွင့်ချိန်ဖြစ်သည့် နံနက် (၅) နာရီမှ ည (၉) နာရီ အထိ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)