ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်စေရန် မော်တော် ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က နှိုးဆော်ခဲ့ ကြောင်း သိရသည်။
လှည့်လည်နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများသည် အင်းစိန်ဈေး၊ လေဟာပြင်ဈေး၊ ဖော့ကန်ပဒေသာ ဈေး၊ မြို့သစ်ဈေး၊ ဆယ်မိုင်ကုန်းဈေးနှင့် အောင်ဆန်းဈေးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာနေ ကြရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် စသည့်တို့ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင်လည်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)