နေပြည်တော် အောက်တိုဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား ရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ၊ အခြေခံပညာကျောင်းများကို ပြန်လည် ပြုပြင်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်သဖြင့် ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရောက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထိခိုက်ခဲ့သည့် လယ်ယာမြေများတွင် စပါးအပါအဝင် ဆီထွက်သီးနှံများနှင့် ဆောင်းသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေမျောပါသွားသည့် နေအိမ်များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ရေမျောပါသည့် နေအိမ် တစ်အိမ်လျှင် ၂၃ သိန်း ၅ သောင်းကျပ်နှုန်းဖြင့် ပထမအကြိမ် နေအိမ် ၂၂၂ လုံးအတွက် စုစုပေါင်း ငွေကျပ် ၅၂၁၇ သိန်းနှင့် စားသောက်ကုန်ပစ္စည်းများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားပြီး သက်ဆိုင်ရာဌာနများက နေအိမ်မျောပါ သွားသည့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ထုတ်ပေးနေမှုအခြေအနေများနှင့် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေး သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ကုန်ပစ္စည်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေး အပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ အဆုံဇီးကုန်း ကျေးရွာအမှတ်(၁၂၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းခြံစည်းရိုး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများနှင့် ကျေးရွာအနီး နဝင်းချောင်းရေတိုက်စားခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆုံဇီးကုန်းကျေးရွာ အမှတ်(၁၂၄) အခြေခံပညာမူလတန်းကျောင်းနှင့် ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းခြံစည်းရိုးအား ခိုင်ခန့်မှုရှိစေရန် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ကျေးရွာသန့်ရှင်းသာယာရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)