မြစ်ကြီးနား အောက်တိုဘာ ၁၃
နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြု လုပ်ခဲ့ကြပြီး အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ဘေးမဖြစ်ခင်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဘေးဖြစ်ပွားပါကလည်း လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ၊ အရေးပေါ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိခြင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော မြစ်ကြီးနားမြို့ရေဘေးအား ထိခိုက် ဆုံးရှုံးမှုအနည်းဆုံးဖြင့် အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ လက်တွဲညီစွာကြံ့ကြံ့ခံဖြတ်ကျော်နိုင်ခဲ့သည်ကို သိမြင်နိုင်ပါကြောင်း၊ သို့သော်လည်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နေသကဲ့သို့ မိမိတို့ပြည်နယ်အတွင်း၌လည်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှထည့်သွင်းပေါင်းစပ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်ဖြစ်သည့် “အနာဂါတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်စွမ်းအားမြှင့်တင်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှပေးပို့သည့် သတင်းစကားဗီဒီယိုအား ကြည့်ရှုအားပေးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က အလယ်တန်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက မူလတန်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဆက်လက်ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသူများ၊ ဆုရကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများက ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပြသထားသည့် ပြခန်းများနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပပြုလုပ်ပေးမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့တွင် နှစ်စဉ်ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား လုံခြုံစွာဖြင့် ကူညီကယ်ဆယ်စောင့်ရှောက်မှုနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး မြစ်ကြီးနားမြို့ လယ်ကုန်း (ဇီးလွန်)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဇီးလွန်) ကျောင်းဝင်းအတွင်း၌လည်းကောင်း၊ ရမ်ပူရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်ကျောင်းခွဲ ကျောင်းဝင်းအတွင်း၌လည်းကောင်း၊ ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌လည်းကောင်း Cyclone Shelter အဆောက်အအုံများ တည်ဆောက်နိုင်ရေးအတွက် မြေနေရာများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကရေဘေးအပြင် အခြားသဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဖြစ်သည့် Cyclone Shelter များ တည်ဆောက်ထားနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လုပ်ထုံးလုပ်နည်းနှင့််အညီ တင်ပြနိုင်ရေး၊ မြေပြင်စစ်ဆေးတိုင်းထွာခြင်းလုပ်ငန်းများဖြစ်သည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်သွားရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်