ကျောက်ဆည်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာအေးအေးခိုင်က နည်းပညာများကိုပံ့ပိုးပေးခြင်းနှင့် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သင်တန်းမှရရှိသောအတွေးအခေါ်နည်းပညာများ အကျိုးရှိထိရောက်စွာအသုံးချသွားရန်နှင့် လိုအပ်သောနည်းပညာများရရှိရေး အဆင့်မြှင့်သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်သောကြောင့် ကြိုးစားသင်ယူသွားကြရန်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာရီရီဦး၊ ကျောက်ဆည်ခရိုင်အသေးစား စက်မှုလက်လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းနှင့်တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူ(၁၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းမှ သင်တန်းသူ ဒေါ်ဝတ်မှုံစံက ဒိန်ချဉ်နှင့် ရဲယိုသီးများ ဖျော်ရည်ထုတ်လုပ်နည်းများ စာတွေ့လက်တွေ့အကျိုးရှိစွာသင်ကြားပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး