နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

ပျဉ်းမနား အောက်တိုဘာ ၁၃

ပျဉ်းမနားမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းမှုများကြောင့် မြို့နယ်အတွင်း၌ ရေဘေးသင့်နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ နေအိမ်များအမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိုးလေဝသဌာနကထုတ်ပြန်တဲ့ သတင်းအချက်အလက်များကို စိတ်ဝင်တစားနားစွင့်နေရန်နှင့် ရာသီအချိန်အခါအလိုက် အမြဲမပြတ်လေ့လာကြပြီး ကြိုတင်ကာကွယ်ခြင်းနှင့် အနိုင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများက အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်နေအိမ်မျောပါပျက်စီးခဲ့သည့် နေအိမ်တစ်အိမ်လျှင် ၂,၃၅၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်း နေအိမ် ၄၀ လုံးအတွက် ကျပ်သိန်း ၉၄၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်သည့် ခေါက်ဆွဲခြောက်တစ်ဖာနှင့် အသားဆီသွပ်ဗူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာပြီး ရေစီးနှင့်အတူမျောပါ ပျက်စီးခဲ့သည့် နေအိမ် ၁၄၄ အိမ်ရှိပြီး ယခု ၄၀ အိမ်ထောက်ပံ့ငွေပေးအပ်ပြီးဖြစ်ရာ ကျန်ရှိသည့် နေအိမ်များအား ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)