စဉ့်ကိုင်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအားပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  မိုးသည်းထန်ခြင်း၊ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်ရေးများလျှံတက်မှုကြောင့် သီးနှံမျိုးစုံ(၇၃၈၉)ဧက ရေဝင်ရောက်မှုရှိခဲ့ပြီး (၃၃၇၅)ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယမန်နေ့ နံနက်ပိုင်းက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အုန်းပင်ခြံကျေးရွာ တောင်သူဦးထွေး၏ ကွင်းအမှတ်(၆၉)၊ ဦးပိုင်အမှတ်(၁၂၇)၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြ(၅)ဧက စပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်မှ  ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသီးနှံဧကများ အစားထိုးစိုက်ပျိုးနိုင်ရေး၊ ထိခိုက်စပါးခင်းများ ပြန်လည်ကုစားရန် သွင်းအားစုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲခြင်းဖြင့် ကုစားဆောင်ရွက်ကြရန်နှင့် ပျက်စီးသီးနှံစိုက်ဧကများကို ဆောင်းကုလားပဲ၊ ဆောင်းနေကြာ အစားထိုးစိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းဇော်က အသိပညာပေးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်ထိန်နှင့်တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ(၁၃)ရွာမှ တောင်သူများအား သဘာဝမြေဩဇာအိတ်၊ Gypsy ကျောက်မှုန့်မြေဩဇာ၊ ဝါမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် ဆေးဖျန်းပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ပတ္တာကျေးရွာမှ တောင်သူဦးသန်းမြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးချစ်ဆွေနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)