၂၀၂၄ ခုနှစ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ညောင်ဦး အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ညောင်ဦးမြို့နယ် ပညာရေးဌာနမှ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတို့အား ယမန်နေ့ နေ့လယ် ၂ နာရီက  အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် အ.ထ.က(ညောင်ဦး)၊ အ.ထက(မြို့မ)၊ အ.ထ.က(ပုဂံ)ကျောင်းတို့မှ Grade-9 မှ Grade-12 အထိ၊ ကျောင်းသား/ကျောင်းသူ (၈၇) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင်(၂၀)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင်(၁၃)ဦး၊ ပုံပြင်ပြောပြိုင်ပွဲ(၉)ဦးနှင့် စာစီစာကုံးပြိုင်ပွဲဝင်(၄၅)ဦးရှိကြောင်း၊ ပြိုင်ပွဲဝင်စာစီစာကုံးခေါင်းစဉ်မှာ “ ဗလငါးတန် ဖွံ့ဖြိုးဖို့ စာကြည့်တိုက်ကို သွားကြစို့…” ဖြစ်ကြောင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံဆွဲပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကိုလည်း၊ လာမည့်ရက်များတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပနေသည့်ကျောင်းများသို့ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ဦးစီးရာရှိ ဒေါ်သူဇာစိုးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း