ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က မြို့မရဲစခန်းရှေ့၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ လမ်းသွားလမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများ နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ အနည်းဆုံးခြောက်ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်နှင့် လက်ကို ဆပ်ပြာ/လက်သန့်စင် ဆေးရည်ဖြင့် မကြာခဏဆေးကြောကြရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲမင်းပိုင်(ပင်လောင်း)