မော်လမြိုင် အောက်တိုဘာ ၁၃
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နှစ်စဥ်အောက်တိုဘာ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့အဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(International Day for Disaster Risk Reduction-IDDRR)ဟူ၍ အမည်ပြောင်းလဲသတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းကြောင်း၊ ယခုနှစ်မှာတော့ “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့" "Empowering the next generation for a resilient future" ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်တွင် တောင်တရုတ်ပင်လယ်ပြင်အတွင်း စတင်ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ပြိုခြင်း၊ လမ်းတံတားများပျက်စီးခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၅၆) မြို့နယ်တို့တွင် အိမ်ထောင်စု(၄၂၈၅၈) စု၊ ဘေးသင့်လူဦးရေ(၁၆၃၇၁၀)ဦး ထိခိုက်ခဲ့ရပြီးသေဆုံးသူ(၂၂၆)ဦးနှင့် ပျောက်ဆုံးသူ(၇၇)ဦးရှိခဲ့ပါကြောင်း၊ ယနေ့ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်များရဲ့ ဖြစ်ပွားမှုအကြိမ်ရေများလာမှုနှင့် ပိုမိုပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း၊ ဒေသတစ်ခုတည်း ဆောင်ရွက်လို့ မရတော့သည်ကိုတွေ့ရှိရမှာဖြစ်ပါကြောင်း၊ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းသည့်အခါ အစိုးရ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပျက်စီးဆုံးရှုံးမှုတို့ လျှော့ချနိုင်မှာဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် မွန်ပြည်နယ်အတွင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်းတစ်ခု ဖြစ်လာစေရေး တက်ညီလက်ညီ ကြိုးပမ်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR အကြီးအကဲ Mr. Karmal Kishore ၏ သဝဏ်လွှာသတင်းစကားရုပ်သံ (Video Message)အားလည်းကောင်း၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာတေးသရုပ်ဖော် Video ပြဇာတ်တို့အားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းတင် Video အား ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)