စစ်တွေ အောက်တိုဘာ ၁၃
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး နိုင်ငံတော်အဆင့်အခမ်းအနား တစ်ရပ်အနေဖြင့် နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ထိုသို့ကျင်းပရာတွင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး(United Nations Office For Disaster Risk Reduction – UNDRR)က နှစ်စဉ်ဦးတည်အုပ်စုတစ်စုကိုရွေးချယ်ပြီး သတ်မှတ်သည့် ဆောင်ပုဒ်များအတိုင်း ကျင်းပခဲ့ကြကြောင်း၊ ယခုနှစ်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့”ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို ရင်ဆိုင်တွေ့ကြုံခံစားနေရကြောင်း၊ မိမိတို့ကိုယ်တိုင်းလည်း ၂၀၂၃ ခုနှစ်တွင် အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ တိုက်ခတ်မှုဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း ရေကြီးရေလျှံမှုများကို မြန်မာနိုင်ငံအနှံ့တွင် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များ၊ စီမံကိန်းများတွင် သဘာဝဘေးအန္တရာယ် လျှော့ပါးရေးလုပ်ငန်းစဉ်များ ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ဖြစ်ပွားသည့်အခါ ဖြစ်ပွားရာဒေသရှိ ရပ်ရွာလူထုသည် ပထမဦးဆုံးရင်ဆိုင် ဖြေရှင်းရသူများဖြစ်ကြပြီး စီမံတုံ့ပြန်ဆောင်ရွက်ရသည်မှာ ဒေသခံအစိုးရများဖြစ်ကြောင်း၊ ထို့ကြောင့် မျိုးဆက်သစ်များ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများကို သိရှိနားလည်ပြီး စေတနာ့ဝန်ထမ်းစိတ်ဓာတ်အခြေခံကောင်းများဖြင့် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်များကျရောက်ဖြစ်ပွားလာပါက မိမိကိုယ်တိုင်သာမက အများအကျိုးအတွက်ပါ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ အလားတူ မျိုးဆက်သစ်များ စုဝေးရာနေရာများဖြစ်သော စာသင်ကျောင်းများတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ အသိပညာပေးကစားနည်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုနှစ်ဆောင်ပုဒ်ပါအတိုင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ ဆောင်ရွက်ရာတွင် မျိုးဆစ်သစ်များ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်စေရေးအခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် မိမိတို့ နိုင်ငံကို သက်ရွယ်မရွေး၊ အလွှာမရွေး ပြည်သူတစ်ရပ်လုံးပါဝင်မှုဖြင့် ဘေးဒဏ်များမှ ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်းနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေး တည်ဆောက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် မျိုးဆက်သစ်များကို တာဝန်သိစိတ်ကိုယ်စီဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်စေရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် “ အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ဟုတိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားဗီဒီယိုနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယိုတို့အားပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဂိမ်းကစားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အရေးပေါ်ရှေးဦးသူနာပြုစုနည်း သရုပ်ပြသခြင်းနှင့် လေ့ကျင့်ခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)