ရန်ကုန် အောက်တိုဘာလ ၁၃
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော World Mental Health Day 2024 အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး Danish Red Cross မှ Country Manager ဖြစ်သူ Mr.Fabio က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
နေ့လည်ပိုင်းတွင် အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ တောင်ငူခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနမှ Mental Health and Psycho Social Support Officer တို့က စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများ၏မေးခွန်းများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှညွှန်ကြားရေးမှူးများ၊ တောင်ငူခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ World Mental Health Day ကို အောက်တိုဘာလ(၁၀)ရက်နေ့ တစ်နေ့တာ ပြုလုပ်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာအသိပညာများတိုးပွားလာစေရန်နှင့် စိတ်ကျန်းမာရေးအတွက် ဂရုပြုရမည့်အချက်များကို ကြိုးပမ်းအားထုတ်နိုင်ရန်အတွက် လှုံ့ဆော်တွန်းအားပေးနိုင်ဖို့ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)