ဟိုပုံး အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းမှ ရေပြည့်ရေလျှံခြင်း၊ ထမ်းစမ်းဂူ၏ ရှေ့မျက်နှာစာ၌ မဲနယ်တောင်တန်းမှ စီးဆင်းလာသော စငေါချောင်းမှ တောင်ကျရေများစီးဝင်ခြင်းကြောင့် လှိုဏ်ဂူတော်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ယခုအခါတွင် ရေပြန်လည်ကျဆင်းသွား ပြီဖြစ်သဖြင့် လှိုဏ်ဂူတော်အတွင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ယနေ့နံနက် ၉ နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းသဘာဝလှိုဏ်ဂူသည် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ(ပြည်ထောင်စုနေ့)တွင် မေတ္တာခမ်းတန်ဟိုပုံးကိုရင်လေး ရှင်ပေါရိဿဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ဖော်ဆောင်ခဲ့သည့် သဘာဝလှိုဏ်ဂူဖြစ်ပြီး ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များဖြင့် သာယာလှပပြီး ခရီးသွားပြည်သူများလာရောက်အပန်းဖြေလေ့လာနိုင်သည့် နေရာတစ်ခုဖြစ်သည်။
ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ရှိ ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း တောင်ကျချောင်းရေဝင်ရောက်ခြင်း၊ ဂူအဝင်ပေါက်ရှိ ဆရာတော်သတင်းသုံးတော်မူသော နေရာရေဝင်ရောက်ခြင်း၊ ဓာတ်မီးတိုင်(၅)တိုင်ပြိုလဲခြင်း၊ ဘုရားဂူ/ ကျောက်စာဂူအတွင်းပိုင်းပျက်စီးခြင်း၊ ဂူရှေ့မျက်နှာစာရှိ ကြေးသပိတ်နှင့် နဝမရှုပုံ အရုပ်တော်ပျက်စီးခြင်း၊ ဂူအတွင်း/ အပြင် မိုးလိုင်းများပျက်စီးခြင်း၊ စတုဒိသာထမင်းစားရုံနှင့် ပန်းခြံပျက်စီးခြင်း၊ လှိုဏ်ဂူတော်ရှေ့ရှိ စငေါချောင်းမြေထိန်းနံရံများ ပြိုကျခြင်း၊ ယာဉ်ရပ်နား စခန်းနှင့် ကားပါကင်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ယခုအခါတွင် လှိုဏ်ဂူတော်အတွင်းရေများပြန်လည်ကျဆင်းသွားပြီး တင်ကျန်ခဲ့သည့် ရွံ့၊ နွံများဖယ်ရှားရှင်းလင်းခြင်း၊ ရေနစ်မြုပ်ခဲ့သည့် ဆင်းတုတော်များအား သန့်ရှင်းရေးပြုလုပ်၍ ရေသပ္ပာယ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ရာ အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)