လွိုင်လင် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လွိုင်လင်တပ်နယ်မှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါ၍ အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။
ဦးစွာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်နယ်/ ခရိုင်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်းတင်ပြပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လွိုင်လင်မြို့ ရွှေဂူကျောင်းတိုက်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီးနောက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် အလှူငွေကျပ်(၉၅)သိန်းကိုလည်းကောင်း၊ သဘာဝဘေးကြောင့် အသက်သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၁၀) သိန်းစီကိုလည်းကောင်း၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့ငွေ ကျပ် (၅) သိန်း (၅) သောင်းနှင့် ထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ပေးအပ်ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဘေးသင့်ပြည်သူများက လက်ခံရယူကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)