တောင်ကြီး အောက်တိုဘာ ၁၂
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ရှမ်းပြည်နယ်အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရေး၊ ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိရေးအတွက် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများအား ယမန်နေ့ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
၂၀၂၄ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားနည်းများဖြစ်သည့် လက်ဝှေ့၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဝူရှူး(ဆန်းဆို)၊ ဖူဆယ်(အမျိုးသမီး)၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ကြက်တောင်ရိုက်၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ ဘတ်စကက်ဘောနှင့် ဘိလိယက်/စနူကာ အားကစားနည်း (၁၃) နည်း စခန်းဝင် လေ့ကျင့်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် စခန်းသွင်းလေ့ကျင့်နေမှုများကို ရှင်းလင်းတင်ပြပြီး အားကစားနည်းအသီးသီးမှဥက္ကဋ္ဌများနှင့်နည်းပြများက စခန်းဝင်လေ့ကျင့်နေမှုများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ရှမ်းပြည်နယ်ကိုယ်စားပြု အသင်းများအောင်မြင်မှုရရှိစေရေးအတွက် လိုအပ်ချက်များနှင့် ထောက်ပံ့မှုများရရှိရေးအတွက် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးကလည်း မိမိတို့ဖြတ်သန်းခဲ့သည့် အတွေ့အကြုံဗဟုသုတများနှင့်ပေါင်းစပ်ပြီး အားကစားနည်းများအလိုက် အောင်မြင်မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်