ဇေယျာသီရိ အောက်တိုဘာ ၁၂
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့သည့်နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်များမှ ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများပေးအပ်ခဲ့ပြီး စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စည်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာတို့မှ ဆင်သေချောင်းရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူမျောပါပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်များမှ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စု ၄၉ စုအတွက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်း စုစုပေါင်း ၄၉ သိန်းနှင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ထောင်စု ၆၆ စုအတွက် တစ်အိမ်ထောင်စုလျှင် ငါးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ၃၃ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု စုစုပေါင်း ၁၁၅ စုအတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်စုလျှင် ခြောက်ဆွဲခြောက်ထုပ်တစ်ဖာနှင့် အသားဆီသွပ်ဗူးတစ်ဗူး၊ အသီးအရွက် ဆီသွပ်ဗူးတစ်ဗူး ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများသည် ရွာသစ်ကြီးကျေးရွာသို့ ရောက်ရှိပြီး ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)