နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ရေဘေးကြောင့်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်၊ ထိခိုက်ခဲ့သည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေး၍ စပါးမျိုးစေ့များ ပေးအပ်

လယ်ဝေး အောက်တိုဘာ ၁၂

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း ရေဘေးကြောင့်ပျက်စီးမျောပါခဲ့သည့် လူနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေများ ပေးအပ်ပွဲနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် စပါးခင်းများအား ပြန်လည်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ပေါက်မြိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် ရေဘေးကြောင့်ပျက်စီးမျောပါခဲ့သည့် လူနေအိမ်များနှင့် တစ်စိတ်တပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ အားပေးစကား ပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင် ဦးဝင်းအောင်တို့က လယ်ဝေးမြို့နယ်အတွင်းရှိ ပေါက်မြိုင်၊ အလယ်ကျွန်း၊ သစ်ကြိမ်း၊ အင်ပင်၊ အေးချမ်းသာ၊ ရေကာ၊ ပင်သောင်၊ ပိတောက်ချောင်နှင့် ရုံးပင်ကျေးရွာအုပ်စုတို့မှ ရေဘေးကြောင့် ပျက်စီးမျောပါသွားသည့် လူနေအိမ် ၉၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းစီနှင့် တစ်စိတ်တပိုင်းပျက်စီးသည့် လူနေအိမ် ၂၂ လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် ငါးသောင်းစီ၊ စုစုပေါင်းငွေကျပ် တစ်ရာလေးသိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် နေ​ပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တက်ရောက်လာသည့် ရေဘေးသင့်အိမ်ထောင်စုများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ညောင်ပင်အိုင်ကျေးရွာသို့ ရောက်ရှိပြီး ရေဘေးကြောင့် ပျက်စီးခဲ့သည့်လယ်ယာများအား ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရေပေးမြောင်းနှင့်ရေနုတ်မြောင်းများ ပြုပြင်ဆောင်ရွက်ထားရှိမှုများ၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများကို ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အင်ပင်ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား ပြန်လည်ကုစားရန်အတွက် မျိုးစပါးမျိုးစေ့များ၊ ကျောက်မှုန့်၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် အပင်အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီဝင်က တောင်သူများအား သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနဆိုင်ရာများမှလည်း မှန်ကန်သောနည်းစနစ်များ ပံ့ပိုးကာ တောင်သူများအနေဖြင့်လည်း ဝီရိယထားပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေလျှံကာ ကျေးရွာအုပ်စု ၁၁ အုပ်စုရှိ လယ်ယာမြေ ၇၈၀၅ ဧက ရေနစ်မြုပ်ခဲ့ပြီး၊ ၆၆၇၇ဧက ပျက်စီးခဲ့သည်။ ကျေးရွာအုပ်စု ၉ အုပ်စုမှ လယ်ယာမြေ ၁၁၂၈ ဧကအား ပြန်လည်ကုစားခြင်းများ ဆောင်ရွက်ထားရှိကာ အင်ပင်ကျေးရွာအုပ်စုအတွင်းမှ လယ်ယာမြေ ၂၀၅ ဧကအား ပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)