ကလောမြို့၌ (၁၉)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကလော အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ကလောမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ကလောမြို့ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်ကြသော ပွဲတော်ဖြစ်ပြီး ပွဲတော်ကျင်းပခြင်းကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ် ချစ်ခင်စုပေါင်း လုပ်ကိုင်ကျင်းပသည့် ရိုးရာပွဲတော်ဖြစ်ကြောင်း၊ ပွဲတော်ကို ကလောမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများစုပေါင်း၍ မြို့ပေါ်ရပ်ကွက်တို့မှ မီးရှော်တိုင်များပြုလုပ်၍ ဘုရားမီးပူဇော်ကြခြင်း၊ မီးကြာစံအဖွဲ့များက မီးကြာအလှအပတို့ဖြင့် မြို့တွင်းလှည့်လည်ပြသသွားမည်ဖြစ်ကြောင်း၊ ကလောမြို့၏ အထင်ကရပွဲတော်မှာ မီးရှော်တိုင်၏ အလှအပများကို အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံဆရာများ လာရောက်ရိုက်ကူးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီရောက်လျှင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ကြောင်းလည်း သိရသည်။

မြို့နယ်(ပြန်/ဆက်)