မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မော်လမြိုင် အောက်တိုဘာ ၁၁

မွန်ပြည်နယ်အ​နေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၄/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ​ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်​ရောက်သည်။

အစည်းအ​ဝေးတွင် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ပေးသကဲ့သို့ မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် မွန်ပြည်နယ်အတွင်း မိမိတို့ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများလာရောက်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှု ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပရေး၊ တည်းခိုသည့်နေရာ၊ ဒေသထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ မကြာမီရက်အတွင်း၌ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပြသွားမည်ဖြစ်ကြောင်းနှင့် ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ဖွင့်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်အကြံအဉာဏ်ကောင်းများနှင့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။၊

ထို့​နောက် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား​ရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း​ ဖွံဖြိုးတိုးတက်​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား လည်း​ကောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ လိုင်စင်သက်တမ်းတိုး အ​​ခြေအ​နေများအား လည်း​ကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ​ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်​ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စည်သူ(ပြန်/ဆက်)