ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးများ၏ကဏ္ဍ အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးများ၏ကဏ္ဍ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အရှေ့ပိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက "ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များကတစ်ဆင့် ရရှိနိုင်သည့် ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ဆောင်မှုများနှင့် ယိုယွင်းပျက်စီးလာမှုများမှ တစ်ဆင့်ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးသက်ရောက်မှုများကိုလည်းကောင်း၊ "ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏ ကဏ္ဍ" ခေါင်းစဉ်ဖြင့် သန့်ရှင်းသည့် ရေ၊ အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အစိမ်းရောင်နည်းပညာ မြှင့်တင်ခြင်းစသည့်ကဏ္ဍများတွင် အမျိုးသမီးများမှလည်း အမျိုးသားများနှင့်အတူ ပါဝင်ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အမျိုးသမီးများ၏ အရေးပါမှုများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြဒါးအဆိပ်သင့်မှုနှင့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် ပူးပေါင်းကာကွယ်ကြမယ် အကြောင်းအရာများဖြင့် အသိပညာပေး ဗီဒီယိုပြသခြင်း၊ အပြန်အလှန် မေးမြန်းဖြေကြားခြင်းနှင့် ဖြေဆိုနိုင်သော ကျောင်းသား/သူများအား လက်ဆောင်ပေးအပ်ခြင်း၊ ပလတ်စတစ်သုံးစွဲမှုနှင့် စွန့်ပစ်မှုလျှော့ချနိုင်ရေး အသိပညာပေးနံရံကပ်ပိုစတာပြသခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ အကြောင်းအရာဖြင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ