ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ အောက်တိုဘာ ၁၁

၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း (၁၄)ရက် (အဖိတ်နေ့)တွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ သံဃာတော်အပါး (၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ်သီတင်းသုံးတော်မူသည့်  ဆရာတော်ကြီးများအပါအဝင် သံဃာတော် (၅၀၀)ပါးတို့အား လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ဆွမ်းဆန်စိမ်းများ လောင်းလှူမည်ဖြစ်ကြောင်း၊ ဂန္ထဓုရ၊ ဝိပဿနာဓုရ ဓုရနှစ်ဖြာကို ထမ်းဆောင်တော်မူလျက်ရှိသည့် သံဃာတော်များအား  ဝါတွင်းကာလအတွင်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးတို့အား မကြောင့်မကြမတောင့်မတဘဲ သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူနိုင်ကြစေရန်ရည်ရွယ်၍ ဆွမ်းဆန်စိမ်းများကို လောင်းလှူကြမည်ဖြစ်ကြောင်း၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်အောင်မြင်မြင် စနစ်တကျ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ကြိုတင်ပြင်ဆင်စီစဉ် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပါဝင်လှူဒါန်းပေးစေလိုကြောင်း၊ အလားတူ ဒါန၊ သီလ၊ ဘာဝနာ ဆည်းပူးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ကုသိုလ်ဒါနပွားများနိုင်ရန်အတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဌာနအလိုက်၊ သက်ဆိုင်ရာဌာနများအချင်းချင်းအလိုက် ပူးပေါင်းပါဝင်လောင်းလှူကြရန်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးတွက် မိမိတို့အတွေ့အကြုံများဖြင့် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ကြရမည့် အစီအမံများ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်သာသနာရေးမှူးနှင့် စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)