နောင်တရားမြို့ပေါ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ၈၀ ရာခိုင်နှုန်းပြီးစီး

နောင်တရား အောက်တိုဘာ ၁၁

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ပြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ပေါ် ရပ်ကွက်များ၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှု ၈၀ ရာခိုင်းနှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုများကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူးဦးအယ်လ်အောင်ဒင်မိုင်၊ မြို့နယ်သန်းခေါင်စာရင်း‌ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်တာဝန်ခံများက သွားရောက်ကြည့်ရှုအားပေးသည်။

ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက်(၄၁၂)ကွက်မှ နောင်တရားမြို့ပေါ်ရပ်ကွက်များ၌ ကောက်ကွက်(၁၀)ကွက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ယနေ့အထိ ကောက်ကွက် (၈)ကွက် ကောက်ယူပြီးစီးသည့်အတွက် စာရင်းကောက်ယူမှု ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးလျက်ရှိကြောင်း နောင်တရားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရှေ့တန်းရုံးမှ တာဝန်ခံအရာရှိက ပြောသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်အိမ်တက်ဆင်း အိမ်တိုင်ယာရောက် Tablet ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews- CAPI) နည်းပညာဖြင့် မေးခွန်း(၆၈)ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်း မေးခွန်းပုံစံများအသုံးပြု၍ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)