မော်လမြိုင် အောက်တိုဘာ ၁၁
မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက၊ မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ မော်လမြိုင်မြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ် အမျိုးသား ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆုများ၊ နေရာအလိုက် အကောင်းဆုံး ကစားသမား ဆုများအားလည်းကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများ ရရှိကြသည့်ပြိုင်ပွဲဝင် ဘောလုံးအသင်းများအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၅) နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျိုက်မရောမြို့နယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)