လင်းခေး အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့နံနက်(၁၀)နာရီက လင်းခေးခရိုင်၊ နွယ်ဝတီခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရန်နှင့် သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ခရိုင်၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည်။
ဦးစွာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းက လင်းခေးဒေသ အခြေအနေနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများ တင်ပြရှင်းလင်းပြီး သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများမှ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ကျန်ရှိနေသေးသည့်လုပ်ငန်းကဏ္ဍများကို ရှင်းလင်းကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည့် နေရာများကို ဦးစားပေးဆောင်ရွက်ရန်နှင့်စာသင်ကျောင်းသွားသည့် လမ်းများကိုလည်း ဦးစားပေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း စိုက်ပျိုးရာသီမရောက်မီ အစားထိုးသီးနှံ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးရန်နှင့် တောင်သူများကိုလည်းနားလည် သဘောပေါက်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
၎င်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးမှ ရေဘေးကြောင့် ပျက်စီးသွားသောအိမ်များ ပြန်လည်ဆောက်လုပ်နေမှုနှင့်လိုအပ်ချက်များ တင်ပြရှင်းလင်းကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လမ်းညွှန်အမှာစကားပြောကြားရာ သဘာဝဘေးဒဏ်ကြောင့် ရှမ်းပြည်နယ်တစ်ခုလုံးတွင် အသက်အန္တရာယ် ထိခိုက်သေဆုံးမှု(၉၁)ဦးရှိပြီး နိုင်ငံတော်အနေဖြင့် ရေဘေးကြောင့် ထိခိုက်သေဆုံးသွားသူများကို ထိုက်သင့်သောထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ရှမ်းပြည်နယ်အပါအဝင် ဖြစ်ပွားခဲ့သော ဒေသတွင်းဌာနဆိုင်ရာများ၊ ပြည်သူလူထုများ၊ ပရဟိတအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်း၍ လျင်မြန်စွာဆောင်ရွက်ခဲ့ပါကြောင်း ၊ ရှမ်းပြည်နယ်တွင် ထိရောက်စွာကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် အခြားသောသေဆုံးမှုများ၊ ဒဏ်ရရှိသူများ မရှိအောင် ပြည်သူများဘေးလွတ်ရာသို့ ရောက်ရှိခဲ့သောကြောင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးကဏ္ဍတွင်လည်း ဌာနဆိုင်များအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် သီးနှံများနေရာတွင် အစားထိုးစိုက်ပျိုးဆောင်ရွက်သည့်အခါ စည်းရုံးဆောင်ရွက်နေဆဲဖြစ်သည့် ကျန်ရှိနေသေးသော ဧက(၃၀၀)ကျော်ကို စိုက်ပျိုးရန် ဆုံးရှုံးသွားသည့် မျိုးတန်ဖိုးများအပါအဝင်ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာမည်နှစ်တွင် မူလအတိုင်းလည်ပတ်ဆောင်ရွက်နိုင်မှာဖြစ်သောကြောင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်နှင့်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများကပါ စည်းရုံးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ စားသောက်ကုန်၊ မျိုးစေ့များနှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာ ဆန်၊ ဆီ၊ ပဲပုပ်မျိုးစေ့နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သောစည်သွပ်ဘူး၊ ခေါက်ဆွဲခြောက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုး ကျပ် ၁၆,၃၉၂၆၀၀ိ/-(တစ်ရာခြောက်ဆယ့်သုံးသိန်းကိုးသောင်းနှစ်ထောင်ခြောက်ရာကျပ်)တို့အား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းမှ လက်ခံရယူ၍လည်းကောင်း၊ ရွှေဖီဦး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ပစ္စည်း(၃)မျိုးအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင်မှ လက်ခံရယူ၍ လင်းခေးမြို့မရပ်ကွက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လင်းခေးမြို့၊ နမ့်တိန်းတံတား(ဒါးဆိပ်)မှ နမ့်အွန်ရွာအနီး နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း(လင်းခေး-မိုင်းပန်-တာဆန်းအပိုင်း) သဘာဝဘေးဒဏ်ကြောင့်လမ်း၊ တံတားပျက်စီးဆုံးရှုံးမှုများအား ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လင်းခေးခရိုင်၊ လမ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများကိုဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။
အဆိုပါ သဘာဝဘေးဒဏ်ကြောင့် လမ်း၊ တံတားပျက်စီးဆုံးရှုံးမှုတွင် ရေကျော်ဖြစ်ပွားသည့် (၂)နေရာ၊ လမ်းသားပဲ့ကျခြင်းဖြစ်ပွားသည့် (၄)နေရာ၊ မြေတောင်ပြိုကျမှုဖြစ်ပွားသည့်(၂၈)နေရာ၊ ကတ္တရာလမ်းသား အက်ကွဲမှုဖြစ်ပွားသည့်(၁)နေရာ မြေကာနံရံ ပြိုကျမှုဖြစ်ပွားသည့်(၁)နေရာ၊ ဘေလီတံတားပြိုကျမှုဖြစ်ပွားသည့် (၁)နေရာဖြစ်ကြောင်းသိရပြီး ဆောင်ရွက်ထားရှိမှုမှာ မိုင်(၅၃/၇-၅၄/၃)အတွင်း ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာဥ်များပုံမှန်အတိုင်းသွားလာနိုင်ခြင်း၊ သဲအိတ်များကာရံခြင်း၊ Road Safety Sign များ စိုက်ထူခြင်း၊ ရေလမ်းကြောင်းလွှဲခြင်း၊ ကျောက်ရောမြေဖြင့်လမ်းတာဘောင်တည်ဆောက်ခြင်း၊ ကတ္တရာလမ်းပြုပြင်ခြင်း၊ မိုင်းပန်မြို့ရှောင်လမ်းတွင် လမ်းလွှဲမှသွားလာနိုင်ရန် ဘေလီတံတားတည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လင်းခေးမြို့၊ စျေးတန်းရပ်ကွက်ရှိ နမ့်တိန်းတံတား (လင်းခေး)အား သွားရောက်ကြည့်ရှုပြီး ဝမ်လွိုင်ရပ်ကွက်၌ လင်းခေးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို ကြည့်ရှုအားပေးပြီး လင်းခေးခရိုင်၊ ဝမ်တိန်းကျေးရွာအုပ်စု၊ နမ့်တွန်ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်အားဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုန်းကြီးကျောင်းအတွက် သောက်သုံးရေရရှိရန် ရေတွင်းများပြန်လည်အသုံးပြုနိုင်ရေးအတွက် VDP လုပ်ငန်းများဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်း(၁၅၀)နှင့် နမ့်တွန်ကျေးရွာအတွက် VDP လုပ်ငန်းဆောင်ရွက်ရန် ငွေကျပ်သိန်း(၁၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လင်းခေးခရိုင်၊ မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းနှင့် ဝမ်ဟတ်-ဝမ်စလောင်း-တာဆွတ်တိန်း-ဟိုမိန်းလမ်း သဘာဝဘေးကြောင့် ပျက်စီးသွားသည့် လမ်း/တံတားများအား သွားရောက်ကြည့်ရှုစ်ဆေးရာ ပျက်စီးသွားမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လင်းခေးခရိုင်လမ်းဦးစီးဌာန(မြို့ပြ)လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆည်မြောင်းနှင့်ရေအရင်းအမြစ်အသုံးမှုစီမံခန့်ခွဲရေးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ကျရန် မှာကြားခဲ့ပြီး နားကုန်းကျေးရွာအုပ်စု၊ ဝမ်တိန်းကျေးရွာအတွက် VDP လုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်သိန်း(၁၅၀)ကို ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပေးအပ်ရာ ဝမ်တိန်းကျေးရွာ ရပ်မိရပ်ဖဦးစိုင်းထွန်းလင်းမှ လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)