ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ မဲနယ်တောင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ဟိုပုံး အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌  မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းသားပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆို့မှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများရှင်းလင်းခြင်းကို ယမန်နေ့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းသားပဲ့ကျပျက်စီးခြင်းတို့ကြောင့် ဒေသခံပြည်သူများ၊ စက်ယန္တရားများဖြင့် ဆောင်ရွက်နေသည့် နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု ပါခက်-ပန်ကုလားလမ်း ၁/၅မိုင် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နတ်စင်-ပန်ကုလားလမ်း ၂/၄ မိုင်ကိုလည်းကောင်း၊ ကျောက္ကချား-နတ်စင်-ပန်ကုလားလမ်း ၆/၄ မိုင်တို့အား ရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ စက်တင်ဘာလ (၁၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၃၀)တို့တွင် ရေဘေးကြောင့် သေဆုံးသူ (၂၆)ဦး၊ ထိခိုက်ပျက်စီးခဲ့သည် နေအိမ် (၂၆၄)အိမ်ရှိပြီး လမ်း၊ တံတားများ၊ တိရစ္ဆာန်များနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)