ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာ ၁ ရက်နေ့မှစ၍ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်ရပ်ကွက်များအလိုက် ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် ကျန်ရှိခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ယမန်နေ့ နံနက်ပိုင်းက စာရင်းကောက်ကွက်များရှိရာသို့ ကွင်းဆင်းကြီးကြပ်လျက်ရှိသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု မိသားစုဝင်များ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များကို မေးမြန်းကာ Mobile Tablet များ အသုံးပြုပြီး ကောက်ယူလျက်ရှိသည့် လုပ်ငန်းများ အခက်အခဲများမဖြစ်ပေါ်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် စာရင်းကောက်ယူရာတွင် ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နေ့စဥ်ကြီးကြပ်၍ လှည့်လည်ကြည့်ရှု အားပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို မြို့နယ်ရပ်ကွက်များတွင် စာရင်းကောက်အဖွဲ့များက ကောက်ကွက်ပေါင်း ၇၉ ကွက်ကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ အောက်တိုဘာ ၁၀ ရက်နေ့အထိ ကောက်ကွက်ပေါင်း ၆၀ ကွက်၊ လူဦးရေ ကျား ၁၂၃၇၈ ဦး၊ မ ၁၃၁၉၉ ဦး၊ စုစုပေါင်း လူဦးရေ ၂၅၄၇၇ ဦး ကောက်ယူထားပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ကောက်ယူပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရပြီး စာရင်းကောက်အဖွဲ့များ သွားလာမှု လွယ်ကူအဆင်ပြေစေရေး၊ စားသောက်မှုအဆင်ပြေစေရေးတို့အတွက် မြို့နယ်တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဝေယံ (ပြန်/ဆက်)