ကျိုက်ထို အောက်တိုဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများသက်သာ ချောင်ချိသည့်ဈေးနှုန်းဖြင့် စားသောက်နိုင်ရန်စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် မြောက်ပိုင်းရပ်ကွက် မြို့မဈေးဝင်းအတွင်း၌ဈေးရောင်းချပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အမဲသား တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဧည့်ဧမထဆန်(၁)ပြည် (၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာ (၇၄၆၄)ကျပ်၊ ကြက်ဥ(၁)လုံး (၃၆၀)ကျပ်၊ ငါးတန်တစ်ပိဿာ(၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ(၅၅၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာ (၅၅၀၀)ကျပ် စသည့်စားကုန်ပစ္စည်းများအား သက်သာချောင်ချိသည့် ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြရာဝယ်ယူ အားပေးသူများက ကျေးဇူးတင်စကားပြောကြားပြီး အပတ်စဉ်ဆောင်ရွက်ပေးပါရန်တောင်းဆိုခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)