မိတ္ထီလာ အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာ ၆ ရွာတွင် နို့စားနွားကောင်ရေ ၉၂ ကောင် မွေးမြူထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ နို့စားနွားမွေးမြူခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၃၀၀ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ သိန်း ၁၈၀၀ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
အဆိုပါ နို့စားနွားမွေးမြူခြင်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဥယျာဉ်၊ မကျီးပင်ပု၊ အုတ်ကျင်း ကန်သာအေးကျေးရွာနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) ဖြင့် ပေါက်ပင်သာ၊ မုန်ပင်ဆည်ကျေးရွာ စုစုပေါင်း ၆ ရွာတို့မှ သက်မွေးအစုအဖွဲ့ ၂၄ ဖွဲ့တို့တွင် နို့စားနွားကောင်ရေ ၉၂ ကောင် မွေးမြူထားပြီး နို့စားနွားမွေးမြူရာတွင်လည်း ဒေသစပ်မျိုးနှင့် နိုင်ငံခြားမျိုး (ဂျာစီဖရီရှန်)နွားမျိုးများကို မွေးမြူထားကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)