မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ရေသန့်စက်အဆောက်အဦနှင့် ရေသန့်စက် နှစ်လုံးတပ်ဆင်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးအပ်

မြောက်ဥက္ကလာပ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေအထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင်ထားရှိမည့် ရေသန့်စက်အဆောက်အဦနှင့် ရေသန့်စက် နှစ်လုံးတပ်ဆင်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးအပ်ခြင်းကို ယနေ့ ညနေ ၄ နာရီ အချိန် အဆိုပါဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံက အမှာစကားပြောကြားရာတွင် မိမိတို့ ပြည်သူ့ဆေးရုံအတွင်း လူနာများနှင့် လူနာစောင့်များ၊ ပြည်သူ့ဆေးရုံအတွင်း အဘက်ဘက်မှ ရေသန့်အလွယ်တကူ သောက်သုံးနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီးအတွင်း ယခင်က ရေသန့်စက် သုံးလုံးရှိရာ လိုအပ်ချက်များရှိသည့်အတွက် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ပြန်လည်မွန်းမံဆောင်ရွက်‌ပေးခဲ့ပြီး ယခုအခါထပ်မံ၍ အလှူရှင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေထိုင်သူ ဦးသိန်းအောင်နှင့် ဒေါ်ခိုင်ခိုင်သင်း၊ သားမောင်ဘုန်းမင်းသိန်း၊ သမီးမသီရိဆုဝေ မိသားစုမှ ရေသန့်စက် အဆောက်အဦနှင့် ရေသန့်စက်နှစ်လုံး တပ်ဆင်နိုင်ရန်အတွက် အလှူငွေများကို ထပ်မံလှူဒါန်းပေးအပ်ခဲ့ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် အလှူရှင် မိသားစု၀င်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင် မိသားစုမှ ရေသန့်စက် အဆောက်အဦနှင့် ရေသန့်စက် နှစ်လုံးအတွက် အလှူငွေ သိန်း ၁၇၂ သိန်း ၄ သောင်းကို လှူဒါန်ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် ဆေးရုံအုပ်ကြီး ဒေါက်‌တာအောင်ငွေစံတို့က လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟ ၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံ၊ ဒုတိယဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် အလှူရှင် မိသားစု၀င်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)