ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ Hotel Training(House keeping)သင်တန်းဆင်းပွဲနှင့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ ၁၁

ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သည့် Hotel Training (Housekeeping) သင်တန်းဆင်းပွဲနှင့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူသုံးကုန်၊ အလှကုန် ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ Hotel-Training (House keeping) သင်တန်း၌ ထူးချွန်ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် Hotel-Training (House keeping) သင်တန်းဆင်းလက်မှတ်များကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်ကလည်းကောင်း၊ ရှမ်းပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာရန်ပုံငွေ ရှာဖွေရေးနှင့်ဘဏ္ဍာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများဖွင့်လှစ်နိုင်ရေး စားစရိတ်ထောက်ပံ့ငွေများကို ချိန်ခါမှီဓမ္မလုံးကောင် ကျောင်းတိုက် ကျောင်းအုပ်ကြီးထံသို့လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအတွက် သင်တန်းသုံးပစ္စည်းများအားလည်းကောင်း အသီးသီးထောက်ပံ့ပေးခဲ့ရာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာမများက လက်ခံရယူခဲ့သည်။

Hotel Training (Housekeeping) သင်တန်းကို ပါရမီဖွံ့ဖြိုးမှုကွန်ယက်နှင့်ပူးပေါင်း၍ ၁ဝ- ၉-၂ဝ၂၄ ရက်နေ့မှ ၉-၁၀-၂၀၂၄ ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတို့ကို ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက်နှင့်ပူးပေါင်း၍ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ခုနှစ်ရက်ကြာသင်ကြားမည်ဖြစ်ကြောင်းနှင့် ၎င်းသင်တန်းများသို့ ရှမ်းပြည်နယ် အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ ကလေးများ မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး ရည်ရွယ်ချက်များ ဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)