တာချီလိတ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် မြို့သာယာလှပရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တင်ကျန်ရစ်သော ရွှံ့နွံများအမြန်ဆုံး ဖယ်ရှားလင်းလင်းနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်း၌ အောင်မြတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ယင်းသို့ ဆွေးနွေးဆောင်ရွက်ကြရာတွင် တာချီလိတ်မြို့တွင်းရှိ အဓိက မိန်းလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ရေတင်ကျန်ရစ်မှုအခြေအနေနှင့် ရွှံ့နွံများ၊နုန်းမြေများ ပိတ်ဆို့နေမှုအား အမြန်ဆုံးရှင်းလင်းနိုင်ရေး၊ ဦးစားပေးအဆင့်အလိုက် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရ သည့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်တို့အတွင်း ရွှံ့နွံများ ရှင်းလင်းရေးနှင့် ရေမြောင်းများ ပိတ်ဆို့နေမှုများရှင်းလင်းဖယ်ရှားရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်နေပြည်သူများမှ မိမိတို့ဒေသရပ်ကွက်အလိုက် ဆောင်ရွက်နေမှုအခြေအနေများအား အသီးသီးတင်ပြ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ ခေတ္တစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် ခရိုင်/မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ တာဝန်ယူဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ပရဟိတများ၊ စက်ယန္တရားကူညီမည့် လုပ်ငန်းရှင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများမှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် စက်တင်ဘာ ၉ ရက်နေ့မှစ၍ ၁၁ ရက်နေ့အထိ စံချိန်တင် မိုးရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးလတ်